တြိချိုးကတော့ ဒွေးချိုးရဲ့ အချိုးနှစ်ချိုးအပေါ်မှာ အတက်ချိုး တစ်ချိုး ထပ်ထည့်လိုက်ပြီး အတက်ချိုးရဲ့
အဆုံးနှစ်ပိုဒ်နဲ့ အခံချိုး (ဒုတိယအချိုး) ရဲ့ အစနှစ်ပိုဒ်ကို ကာရန်တူ စပ်လိုက်တာပါဘဲ။ တြိချိုးရေးနည်း
ဥပဒေသအနှစ်ချုပ်ကတော့ ...
၁။ အတက်ချိုး၊ အခံချိုး၊ အအုပ်ချိုး ဆိုပြီး အချိုး သုံးချိုး (အပိုဒ်ကြီးသုံးပိုဒ်) ထားရပါမယ်။
၂။ အတက်ချိုးရဲ့ အစပိုဒ် ကို အက္ခရာ သုံးလုံး အထားများပါတယ်။ ခြောက်လုံးအထိထားလို့ရပါတယ်။
အဲဒီထက်မပိုရပါ။ အစပိုဒ် ကာရန်ကို ဂရုသံနဲ့ချီပါ။ အဆုံးပိုဒ်ကို ဂရုသံနဲ့ပဲချပါ (အဆုံးသတ်ပါ)။ အဆုံး
ပိုဒ်မှာ အက္ခရာလေးလုံးဘဲထားလေ့ရှိပါတယ်။
၃။ အချီချိုးရဲ့ ပထမဆုံးအပိုဒ်ရဲ့ အဆုံးကာရန်နဲ့၊ ဒုတိယပိုဒ်ရဲ့ ရှေ့ထက်ဝက် ကာရန် ဟာ အတက်ချိုးရဲ့
အဆုံးသတ်နှစ်ပိုဒ်က ကာရန်နဲ့ အညီ စပ်ရပါမယ်။ အစပိုဒ် ကာရန်ကို ဂရုသံနဲ့ချီပါ။ အဆုံးပိုဒ်ကို လဟု
သံနဲ့ချပါ (အဆုံးသတ်ပါ)။ အဆုံးပိုဒ်မှာ အက္ခရာငါးလုံး ထားလေ့ရှိပါတယ်။ ဒီအပိုဒ်ဟာ ဒွေးချိုး စပ်တဲ့
နည်းနဲ့ အတူတူပါဘဲ။ ဒီအချိုးကို အများအားဖြင့် နှစ်ပိုဒ်ဘဲရေးလေ့ရှိပါတယ်။
၎။ အချချိုးရဲ့ ပထမဆုံးအပိုဒ် ကို အက္ခရာ သုံးလုံးကနေ ခြောက်လုံးအထိထားနိုင်ပါတယ်။ ဂရု၊ လဟု
ကြိုက်ရာအသံ နဲ့ စနိုင်ပါတယ်။ အဆုံးပိုဒ်ကို လဟုသံနဲ့ချပါ (အဆုံးသတ်ပါ)။ အဆုံးပိုဒ်မှာ အက္ခရာလေး
လုံး ပဲထားလေ့ရှိပါတယ်။ ဒီအပိုဒ်ဟာ ဒွေးချိုးစပ်တဲ့နည်းနဲ့ အတူတူပါဘဲ။
၅။ ဝမ်းတွင်းပိုဒ် (အတွင်းက အပိုဒ်ငယ်) တွေကိုတော့ အက္ခရာ ငါးလုံး၊ ခြောက်လုံးသာထားရပါမယ်။
ဂရု၊ လဟု တလှည့်စီ ကာရန်ယူရပါမယ်။
၆။ အပိုဒ်ငယ်တွေကို တဝက်စီခွဲပြီး ပထမတဝက်ဟာ ရှေ့အပိုဒ်နဲ့ ကာရန်တူရပါမယ်။
၇။ အချီချိုး၊ အချချိုး နှစ်ချိုးစလုံးကို "လဟု" သံနဲ့ပဲ အမြဲ ချရပါမယ်။ နောက်ဆုံး အဆုံးသတ် ကာရန်နှစ်ခု
ညီရပါမယ်။
၈။ အချီချိုးအဆုံး နဲ့ အချချိုး အစပိုဒ်ဟာ ကာရန်ညီဖို့ မလိုပါ။
ပုံစံကတော့ -
- - + ၊ (ဂရု) (သုံးလုံးနဲ့ ပြထားတာပါ။ ခြောက်လုံးအထိရေးလို့ရပါတယ်)
- - + - - × ၊
- - - × ။ (ဂရု) (လေးလုံး ချလေ့ရှိပါတယ်) (သုံးပိုဒ်ကနေ လေးပိုဒ်အထိ ရေးလေ့ရှိပါတယ်)
- - - × ၊ (ဂရု)
- - × - '*' ။ (လဟု) (ဒီအချိုးမှာ နှစ်ပိုဒ်ပဲထားလေ့ရှိပါတယ်။ ငါးလုံးချပါ)
- - + ၊ (ဂရု၊ လဟု ကြိုက်ရာချီ)
- - + - - #
- # - '*'။ (လဟု) (လေးလုံး ချလေ့ရှိပါတယ်)
ဝိဘာဂ အစိတ်အပိုင်း (၈)မျိုးနဲ့အသေးစိတ်ကြည့်မယ်ဆိုရင် ...
(၁) အမည်အားဖြင့်
တြိ = သုံးခု၊ ချိုး = အဆစ်အပိုင်း
တြိချိုး = အချိုးအပိုင်းသုံးခုဖြင့် စီကုံးထားသော ကဗျာ
တြိချိုးကို သုံးဆစ်ချိုး (သို့မဟုတ်) သဖြန်၊ ကွန်းထောက် ရယ်လို့ လည်း ခေါ်ကြပါတယ်။
(၂) အမျိုးအပြားအားဖြင့်
အမျိုးအစား အနေနဲ့ အစားစားမရှိပါ။ အချိုးမှာပါတဲ့ အပိုဒ်အရေအတွက် အနည်းငယ်ကွာလို့
တြိချိုး အကြီး အငယ် အနေနဲ့သာ နည်းနည်း ကွာခြားတာပဲရှိပါတယ်။
(၃) အချိုးအားဖြင့်
တြိချိုးတပုဒ်မှာ အတက်တချိုး၊ အခံတချိုး၊ အအုပ်တချိုး စုစုပေါင်း သုံးချိုးရှိပါတယ်။ ပထမအပိုဒ်ကြီး၊
ဒုတိယ အပိုဒ်ကြီး နဲ့ တတိယ အပိုဒ်ကြီး စုစုပေါင်းသုံးပိုဒ်ဖြစ်ပါတယ်။ အဲဒီအပိုဒ်ကြီးတွေဆုံးတိုင်း
ပုဒ်မ (။) ချထားရပါတယ်။
(၄) အပိုဒ်ရေအားဖြင့်
ဒုတိယအချိုး (အခံချိုး) မှာ အများအားဖြင့် အပိုဒ်ငယ် နှစ်ပိုဒ်သာ ထားလေ့ရှိပါတယ်။ ကျန်အချိုးနှစ်ချိုး
ကတော့ ဒွေးချိုးမှာ ထားတဲ့ အတိုင်း အပိုဒ်ငယ် ၂ပိုဒ်မှ ၅ပိုဒ်အထိထားနိုင်ပါတယ်။ ပါဒ ခေါ်တဲ့ အပိုဒ်
ငယ်လေးတွေပါ။ ဒီ အပိုဒ်လေးတွေဆုံးတိုင်း ပုဒ်ဖြတ် (၊) ဖြတ်ထားရပါတယ်။
(၅) အက္ခရာ လုံးရေအားဖြင့်
အခံချိုး (ဒုတိယအချိုး) ရဲ့ ဒုတိယအပိုဒ်ငယ် (အဆုံးသတ်ပိုဒ်) မှာ အက္ခရာငါးလုံးထားလေ့ရှိပါတယ်။
ကျန်တဲ့အချိုးတွေကတော့ ဒွေးချိုးမှာ ထားတဲ့အတိုင်းပါဘဲ။
(၆) အစပ်ကာရန်အားဖြင့်
အတက်ချိုးရဲ့ ဒုတိယနောက်ဆုံးအပိုဒ် (second last) ရဲ့ နောက်ထက်ဝက်ကာရန်၊ အဆုံးသတ်ပိုဒ်ရဲ့
အဆုံးကာရန်၊ အခံချိုး ပထမအပိုဒ်ငယ်ရဲ့ အဆုံးကာရန်၊ ဒုတိယပိုဒ်ရဲ့ ရှေ့တ၀က်ကာရန်။ ဒီ ကာရန်လေး
ချက် ညီရပါမယ်။ ပုံစံမှာ '×' ပြထားတဲ့နေရာတွေပါ။အခံချိုး (ဒုတိယအချိုး) နဲ့ အအုပ်ချိုး (တတိယအချိုး) ရဲ့
အဆုံးကာရန် တူရပါမယ်။ ကျန်တဲ့ ကာရန်တွေ၊ တွန့်ပိုဒ်ထည့်ပုံတွေကတော့ ဒွေးချိုးအတိုင်းပါဘဲ။
နောက်ပိုင်းမှာ တြိချိုးနမူနာတွေကို ပြတဲ့အခါမှာလည်း ထပ်ကြည့်ပါ။
(၇) ဂရု၊ လဟု အားဖြင့်
အတက်ချိုးကာရန်ကို ဂရုကာရန် နဲ့သာအမြဲစရပါမယ်။ (လဟု ကာရန်နဲ့ စတဲ့ တြိချိုးတွေလည်းရှိပေမယ့်
ဒီလိုစတာဟာ သိပ်မကောင်းဘူးလို့ ပညာရှင်များက ပြောတဲ့အတွက် ဂရုကာရန် နဲ့သာ စသင့်ပါတယ်။)
ဂရုကာရန် နဲ့ပဲ အမြဲ အဆုံးသတ်ရပါမယ်။အခံချိုးကို ဂရုကာရန် နဲ့သာအမြဲချီပြီး လဟုကာရန်နဲ့သာ အမြဲ
ဆုံးရပါမယ်။ အအုပ်ချိုးကို ဂရု၊ လဟု ကြိုက်တာနဲ့ ချီနိုင်ပါတယ်။ လဟုကာရန်နဲ့သာ အမြဲဆုံးရပါမယ်။
အပိုဒ်ငယ်တပိုဒ်အတွင်းမှာ ပထမတဝက် နဲ့ ဒုတိယတဝက် ကာရန်တွေဟာ ဂရု နဲ့ လဟု တလှည့်စီ
ဖြစ်ရပါမယ်။အခံချိုးနဲ့အအုပ်ချိုးတွေရဲ့အဆုံးသတ် ကာရန်ဟာ လဟုကာရန် နဲ့သာ အမြဲချရမှာဖြစ်ပါတယ်။
ဂရုကာရန် လုံးဝ မထားရပါ။
(၈) အပြစ်ဒေါသအားဖြင့်
ဝဂ်နင်း နဲ့ ခွါထောက် အပြစ်တွေက ကင်းလွတ်ရပါမယ်။ အောက်က နမူနာ တြိချိုးကို ကြည့်ပါ။
ကူးဆင့်-ကာ၊
ထူးသင့်ရာ-ရေးရိုးမြွက် (မယ်ပ)၊
ဒွေးချိုးထက်-တချိုးကျယ်၊
တြိချိုးခေါ်တယ်။
ခံချိုး-ဝယ်၊
ပိုဒ်ငယ်က-နှစ်ဘဲ။
ကြွင်းသေသာ၊
ဒွေးချိုး-နမူနာ (သို့)၊
တူမကွာ-ပုံစံနစ် (ကို)၊
အားသစ်လို့ခဲ။
ဒါကို အသေးစိတ်ကြည့်ရင် ...
တဝက်စီခွဲထားတဲ့နေရာမှာ တုံးတို (-) လေးတွေနဲ့ဖြတ်ပြထားပါတယ်။ ပဒါလင်္ကာရ တွေကို ( ) ထဲမှာ
ပြထားပါတယ်။ ဒီစာလုံး တွေကို အလုံးရေ ရေတွက်တဲ့အခါ ထည့်ပြီး မရေတွက်ရပါဘူး။ အပေါ်က ပုံစံ
မှာ (_) ပြထားတာတွေက တွန့်ပိုဒ်ပါ။ တွန့်ပိုဒ်ကို ကာရန်ယူရင် တပိုဒ်လုံး နဘေထပ်ယူရင်ယူ၊ မယူရင်
ဒုတိယတဝက်မှာ အပေါ်ပိုဒ်ရဲ့ကာရန်ကိုထပ်ပြီးယူပါတယ်။ စာလုံးနက်နဲ့ ပြထားတဲ့နေရာတွေကို ကာရန်
တူ စပ်ရပါမယ်။ နမူနာ တြိချိုးကလေးတွေကို ထပ်ရေးပြထားပါတယ်။ လေ့လာကြည့်ပါ။
ကြာခြည်ရန်၊
နာရီပြန် ဗဟိုငြိတ်ပါပေါ့၊
မှေးမှိတ်လို့ စက်ပါသော်၊
ရေးမျှမပျော်။
လာနိုးရယ်မျှော်၊
ကြာမော်မြင့် ဆောင်ထီး။
ရွှေဘောတော် တဉာဏ်ပွေလို့၊
မလာနေ တာရှေလှတာကြောင့်၊
တွေးရခက်ကြီး။ ။
(အနောက်နန်းမတော် မမြကလေး ရေး - မောင်ဖွဲ့ တြိချိုး)
ကြက်ညီနောင် ရေ၀ယ်မျော စေတော့၊
မြကြော မင်းဝံရွှေတောင်၊
လဲတော့မရှောင်။
အာကာဘောင်၊
ကြယ်ပြောင်ကွဲ့ မြေလူး။
ပြည်ဇေယျာ၊
လေလာလျှင် မြေပါရွေ့စေတော့၊
ခင်လေ့ကို မောင်မမုန်းတယ်၊
သုံးဘ၀ကူး။ ။
(ဦးပုည ရေး - သစ္စာတိုင် တြိချိုး)
အတက်ချိုးကို လဟုနဲ့ချီခဲ့တဲ့ လူတိုင်းကြားဖူးပြီးသား တြိချိုးကလေးတွေကို ကြည့်ပါ။
ရွှေလမှာ ယုန်ဝပ်လို့၊
ဆန်ဖွပ်သည့် အဘိုးအို၊
ဟော ကြည့်ပါဆို။
ဆိုသာဆို၊
ပိုမိုသည့်စကား။
ကလေးအငိုတိတ်အောင်၊
အရိပ်အယောင်ပြတယ်၊
ဖိုးလနတ်သား။ ။
(သားချော့ တြိချိုး)
ပျိုလေးတို့ အိမ်ဦး၊
ဆတ်သွားဖူးတဲ့ တရုံနှစ်ရုံ၊
ကျေးတွေက အုံ။
မအုံပါနှင့် ကိုရွှေကျေး။
ပျိုတို့မောင် ရှင်လိင်ပြန်တော့၊
နားပန်ဖို့လေး။ ။
(ပန်းဖွဲ့ တြိချိုး)
ဒီ တြိချိုးတွေမှာ ဝပ်၊ ဖွပ်၊ ဦး၊ ဖူး ဆိုပြီး အတက်ချိုးတွေကို လဟုကာရန်နဲ့ ချီထားပါတယ်။ ဒါပေမယ့်
ဒါမျိုးကို အနည်းငယ်ပဲ ရေးကြတာတွေ့လို့ ပညာရှင်တွေက မနှစ်သက်ကြဘူးလို့ ဆိုပါတယ်။ ဒါ့အပြင်
ဒုတိယ ပန်းဖွဲ့တြိချိုးမှာလို အခံချိုး (ဒုတိယအချိုး) ကို တပိုဒ်ပဲထားပြီး စပ်လို့ရတယ်ဆိုတာကိုလဲ မှတ်
သားသင့်ပါတယ်။ အောက်မှာပြထားတဲ့ တောရွာဖွဲ့ တြိချိုးကတော့ အအုပ်ချိုး (တတိယအချိုး) ကို 'ပြု'
ဆိုပြီး လဟုကာရန် နဲ့ စ ထားတာကို နမူနာပြလိုက်ပါတယ်။ ဒီအချိုးကိုတော့ ဂရု၊ လဟု ကြိုက်ရာနဲ့
စလို့ ရတာမို့ အပြစ် မဖြစ်ပါဘူး။ နမူနာပုံစံအနေနဲ့ တင်ပြလိုက်တာပါ။
ရွှေပဟိုရ် စည်သံများကိုတဲ့၊
မကြားရ ကြာလေပြီ၊
လေးလရာသီ။
တိုင်းဌာနီ၊
မဟုတ်ကယ် ပါပြီလို့။
ကြက်သံကို ပဟိုရ်ပြုရတယ်၊
တောသူ့ရွာမို့။ ။
(တောရွာဖွဲ့ တြိချိုး)
ဒီ တြိချိုးတွေရဲ့ ရေးသူအမည်ကို မသိရပါဘူး။
တြိချိုးသဖြန်ကတော့ တြိချိုးကိုပဲ သဖြန်ရဲ့ လက္ခဏာတွေနဲ့ ညီညွတ်အောင် ရးလိုက်တာပါဘဲ။ သဖြန်
အကြောင်းကတော့ ဒွေးချိုးအကြောင်းရေးတုန်းကရေးခဲ့တဲ့ 'သဖြန်' ခေါင်းစဉ်အောက်မှာ ပြန်ကြည့်ပါ။
တြိချိုးသဖြန် နမူနာကိုလည်း အောက်မှာ ရေးပြထားပါတယ်။
သားရွှေစင် လူကလေးတို့နှင့်၊
အမေလေးပါ မောင့်ဖခင်၊
တိုင်းပြည်ကနှင်။
မဆင်ခြင်၊
ဗေဒင်ထွက် စကား။
ပုဏ္ဏား ဆရာဆိုနှင့်၊
ဦးညိုကို ဗေဒင်ဆေး တယ်ရှင်၊
(အမယ်မင်း) မေးချက်ကခြား။ ။
(သီပေါမင်းတြားလက်ထက် မုံရွာဆရာခ ရေး - တြိချိုးသဖြန်)
ဒွေးချိုးမှာ ဒွေးချိုးငိုချင်း၊ ဒွေးချိုးကြီးတွေရှိသလို တြိချိုးမှာလဲ ရှိပါတယ်။ ဥပဒေသကတော့ ဒွေးချိုးကြီးလိုပဲ
အပိုဒ်ရေ၊ အလုံးရေများများရေးရတာပဲ ကွာပါတယ်။ တြိချိုးငိုချင်း နမူနာကို အောက်မှာကြည့်ပါ။
ဆဲ့တဆောင်၊
နေမီးလောင် ကမ္ဘာပျက်သလိုပ၊
ရသာရုံ ဘုံကိုမက်သော်ကြောင့်၊
ရတက်ကလေး မယ်မငြိမ်၊
သောကပွေလိမ်။
သံသရာ ရှည်သည့်စက် ကယ်က၊
မထွက်နိုင် ကြာရင်နစ် မည်ပ၊
စိတ်ညစ်လှ ရွှေတသိန်၊
(အို ...) ပူရှိန်က မဆုံး။
ခက်လိုက်တာ၊
လှေကြီး ရွှေနာဝါသို့၊
ရွက်မပါ ခန္ဓာလဲရချည့်၊
ကာမဂုဏ် ရေစုန်ဝဲမှာရှင်၊
(အမယ်မင်း) တွဲဆယ်ကြအုံး။ ။
(သီပေါမင်းတြားလက်ထက် ပြည်မြို့ဆရာညွန့် ရေး - တြိချိုးငိုချင်း)
ဒီတြိချိုးမှာတော့ ဒုတိယအချိုးမှာ အချီကာရန်ဟာ သီချင်းကြီးဖြစ်တာကြောင့် အပိုဒ်ငယ် ၃ပိုဒ်မြောက်ကို
ရောက်မှ စတွေ့ရပါတယ်။ ဒီလောက်ဆိုရင်တော့ တြိချိုးကို နားလည်လောက်ပါပြီ။ လေးချိုးအကြောင်းကို
ဆက်ချင်ပါတယ်။
- ဟယ်ရီလွင်